မျှဝေမှု အတွက် ၀န်ခံခြင်း

ပိုစ်အသစ်
          ပိုစ့်တစ်ခုကို တင်ဘို့ဆိုတာ ကျွန်တော့်အတွက်တော့ တော်တော်လွယ်တဲ့ အရာတော့ မဟုတ်ပါဘူး။ စာသိပ်မဖတ် ဖြစ်တာ၊ ကွန်ပျူတာ ကိုအချိန် တော်တော် များများကိုင်တွယ်ရတဲ့ အလုပ် တစ်ခု ကြောင့် ကျွန်တော့် အတွက် စာအုပ်စာပေ တော်တော်များကို ဖတ်ရှုဘို့ အချိန်မရခဲ့ဘူး၊ အချိန်တစ်ခု ကိုလုပြီး ဖတ်ပြန်တော့လည်း ငယ်ငယ်ကတည်းက မကြည့်ရမနေနိုင်၊ မဆော့ရ မနေနိုင်တဲ့ တီဗွီ၊ ဗွီဒီယို၊ ဂိမ်းတွေ ဒဏ်ကြောင့် ကျွန်တော့်မျက်စိဟာ ကျွန်တော်ထက် အသက် ၄၀ လောက် ပိုအိုစာ နေခဲ့တယ်။ ဆောင်းပါ၊ သတင်းစာများကိုတော့ အမြဲမပြတ် ဖတ်ရှုဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဟာ ငယ်ငယ် ကတည်းက စာဖတ်ရှု တာဝါသနာ ပါတဲ့အတွက် စာအုပ်၊ စာပေ ကတော့ မပြတ်ခဲ့ဘူး။ အထူးသဖြင့် ကျွန်တော် စိတ်ဝင် စားခဲ့တာက ဘာသာပြန် စာအုပ်၊ သမိုင်းစာအုပ်တွေ၊ (သုတ)စွယ်စုံ၊ နောက်ပြီး အတွေးအခေါ်၊ စီးပွားရေး ဂျာနယ်၊ နိုင်ငံတကာ သတင်းဂျာနယ်/ဆောင်းပါး တွေ အရမ်းကို စိတ်ဝင်စား ခဲ့တယ်။ ဒါပေမယ့် အခုကျ တော့လည်း ဒီစာအုပ်တွေကို မဖတ်ရှုနိုင်ပြန်ဘူး။ အလုပ်နဲ့ ပတ်သက်တာ လေးတွေ၊ ကွန်ပျူတာ ဆိုင်ရာ ပညာရပ်တွေ လောက်တာ စိတ်ဝင်တစား ဖတ်ရှုနိုင်ခဲ့တယ်။
လေ့လာတယ်
          တကယ်တမ်း စာရေးမယ်၊ ပိုစ့်တစ်ခု တင်မယ် ဆိုတော့ စဉ်းစားကြည့်တယ်။ ကျွန်တော် စာသိပ်မရေး တတ်ဘူး။ အဲဒါနဲ့ စာအုပ်တွေ ပြန်ဖတ်တယ်။ ဆောင်းပါးတွေ၊ ဂျာနယ်တွေ တော်တော် များဖတ်ရှုတယ်။ အချိန်ရသမျှ အင်တာနက်ထဲက ဘလော့ဂါ ကြီး တွေရဲ့ ဘလော့တွေ၊ နောက်ပြီး အင်တာနက်က အခမဲ့ရရှိနိုင်တဲ့ အီးဘွတ်တွေ ဒေါင်းလော့ဆွဲတယ်။ ဖတ် တယ်။ အချိန်ရသလောက်ပါဘဲ။ ဒါပေမယ့် ကိုယ်မရေးသားနိုင်မှန်း သိရင် ငယ်ငယ်တုန်းက မြန်မာစာ ဆရာမရဲ့ စာစီစာကုံး အိမ်စာပေးရင် သူများဆီက ကူးချတတ်တဲ့ အကျင့်တွေကို အခုမှ နောင်တရ မိတယ်။ မရေးသား နိုင်လို့တော့ မဟုတ်ပေမယ့် အဆော့မတ်တဲ့ ကျွန်တော်၊ ကျောင်းမှန်မှန် မတက်တဲ့ ကျွန်တော့်အတွက် သူများဆီက မေးမြန်းပြီး ကူးယူတတ်ခဲ့တယ်။
ဘလော့ဂါ
        စာရေးတာဟာ စာရေးတတ်သူ၊ စာရေးတတ် အကျင့်ရှိသူ တွေအတွက် တော့ မခက်ပေမယ့် ကျွန်တော်လို ဖရီးရိုက်ခဲ့သူ တွေကတော့ မလွယ်ကူးပါဘူး။ တချို့ ဘလော့ဂါ ကြီး တွေရဲ့ အိမ်တွေအလည် သွားရင်းကနေ သူတို့ရေးသားတာလေးတွေ လေ့လာမိ ပါတယ်။ အထူး သဖြင့် စာရေးအသားတွေ ဟာ အရမ်းကို ကောင်းမွန် လှပါတယ်။ ဒါဟာကလည်း သူ့အတွေ့အကြုံ၊ သူ့ အရည် အချင်း၊ သူမြင်ခဲ့ ကြားခဲ့တာတွေကို စာဖတ်သူ တွေ နားလည်အောင် ရေးဖတ်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အထူး အားကျမိပါတယ်။ သူတို့လိုလည်း ရေးတတ်ချင်ပါတယ်။ ဒါကိုလည်း အချိန်အတိုင်း အတာအထိ တစ်ခုထိ ပေးဆပ်ရမယ်လို့လည်း ထင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘလော့မှာ ပိုစ့်အသစ် တစ်ခု တင်ဖို့ စဉ်းစား မိတယ်။ တကယ်လည်း တင်ချင်တယ်။ ဒါပေမယ့် ကိုယ်ဘယ်အကြောင်း အရာကို ဦးစာပေး ရေးရမယ်၊ ဘယ်အရာကို ရေးရမယ် မသိဘူး။ တစ်ခါတစ်လေ ကိုယ်စိတ်ကူး ထဲမှာ ရှိတာကို ရေးချမိတယ်။ အစီအငေါ့လည်း တည့်ချင်မှာ တည့်မှာပါ။ ဒါကိုတော့ စာလာဖတ်တဲ့၊ ဘလော့လာလည် တတ်တဲ့ အစ်ကို အစ်မတွေ ကိုလည်း တောင်းပန်ချင်တယ်။ နောက်တစ်ခု စာကျတာလေးတွေလည်း ရှိပါတယ်။ မိရိုးဖလာ ဗုဒွဘာသာ ဆိုပေမယ့် မြန်မာစာ မြန်မာ့စကား မှာတော့ အမြဲတမ်း သင်္ချာ၊ အင်္ဂလိပ်စာ နောက်မှာပါ။ ဘာကြောင့် လည်းတော့ မသိပါဘူး။ ဒါဟာလည်း အချိန်အတိုင်း အတာ တစ်ခုထိကို သွားဦးမှာပါ။
မျှဝေခြင်း
        ဒါပေမယ့် ဘလော့ကို စလုပ်ကတည်းက ကိုယ်ပိုင်ဥာဏ်ရည် ဥာဏ်သွေး၊ ဟာသ ဥာဏ်မရှိပဲနဲ့ သူများမျှဝေပေး တာလေးတွေ၊ အင်တာနက်က ရတာ လေးတွေ၊ အပြင် ဂျာနယ်၊ စာစောင်တွေက ရတာ လေးတွေ၊ သူငယ်ချင်းတွေဆီက စရင်းနောက် ရင်း ကြုံခဲ့ သိခဲ့ရတာလေးတွေကို တဆင့် ဘလော့ပိုစ့် တစ်ခု အဖြစ် ဖန်တီးပြီး တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကိုယ်တိုင်မျှဝေ၊ ကူးယူ၊ ဖြန့်ဝေ ပါတယ်ဆိုတာ ၀န်ခံရင်းနဲ့ကို တစ်ခါတစ်လေ အွန်လိုင်းပေါ်က တစ်စုံတစ်ယောက်က သူ့အိုင်ဒီယာ၊ သူ့ ပိုစ်တွေ ကူးချပါတယ်ဆိုပြီး ဆဲဆို သွားတာလေး တွေလည်း ကြုံခဲ့ရပါတယ်။ အထူးသဖြင့် ဖော်ဝပ် မေးတွေ ကနေ ဘယ်သူ မူရင်းဆိုတာ မသိနိုင်ခဲ့တာက များပါတယ်။ ဒါပေမယ့် စိတ်တော့ အလျဉ်းမဆိုး ပါဘူး။ ရှက်လည်း မရှက်ပါဘူး။ သူလည်း သူ့အိုင်ဒီယာ ထဲက တစ်ချို့တစ်ဝက်၊ တစ်စိတ်တစ်ပိုင်း လောက်ကတော့ တခြား သူရှိက အထူးသဖြင့် နိုင်ငံခြား ၀က်ဆိုဒ် တွေဆီက ကူးယူခဲ့မှာပဲ။ တကယ်တမ်း သူကိုယ်တိုင် ရေးသား ခဲ့တယ် ဆိုရင်တော့ စာရေးသားသူကို ကျွန်တော် အထိုက်အလျောက် တောင်းပန်မှာပါဘဲ။ မေးလ်ဖြစ်ဖြစ် ပေါ့ဗျာ။ အဲဒါမှာ မကျေ နပ် စတမ်း ဆိုရင်တော့ ရန်ကုန်မှာဆိုရင် အိမ်တိုင်ရာ ရောက်သွား တောင်းပန် လိုက်မယ်ဗျာ။ နိုင်ငံခြားမှာဆိုရင်တော့ သူလေယာဉ်လက်မှတ် အကုန် အကျခံ ပေးရမှာပေါ့ဗျာ(စတာ ပါဗျာ)။ အတည်ပြောတာပါ။ ဒါဟာ ကျွန်တော့် အတွက် ကြုံတွေနေရတဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် စာမရေး ချင်တာ။ အတွေး အခေါ်ညံ့တာ။ ခေါင်းပုံဖြတ်ချင်တာ တွေလည်း ပါသွားမှာပါ။ ဒါကိုတော့ ကျွန်တော် နဲ့အတူ တော်တော် များများကြုံဖူးကြမှာပါ။


နိဂုံး
 
      နိဂုံးဆိုပြီး ကျွန်တော်အနေနဲ့ နောက်ဆုံး ရေးချင်တာ ကတော့ ဒီဘလော့လေးကို စလုပ်ကတည်းက ကျွန်တော့် မမြင်ဖူး၊ မတွေ့ဖူးပေမယ့် အရမ်း ခင်တဲ့ အွန်လိုင်းပေါ်က အစ်ကို၊ အစ်မ၊ သူငယ်ချင်းတွေ အားလုံးကို ရည်ရွယ်တာပါ။ အလုပ်များလို့ ပင်ပန်းစိတ်ညစ်ချိန် လေးမှာ ဟာသ လေးတွေ ဖတ်ရှုပြီး မရီနိုင်ရင်တော့ ပြုံးရုံလေး ပြုံးပါစေဆိုပြီး ဖန်တီးခဲ့တာပါ။ လက်တွေမှာတော့ အကြံအစည်နဲ့ တဖြည်းဖြည်း ဆန့်ကျင်နေတာပါ။ ကျွန်တော် လည်း ကြိုးစားပြီး မူရင်းရည်ရွယ် ချက်လေးမပျက်အောင် ကြိုးစား သွားမှာပါ။ သူငယ်ချင်းများလည်း ဟာသ ဥာဏ်လေးများ၊ ဟာသဓါတ်ရွင်ဆေးလေး များရှိရင်လည်း ကျွန် တော် ကေမောင်ငြိမ်းကို မျှဝေပေးပါဦးလို့ တောင်းဆို လိုက်ပါတယ်ဗျာ။
ကျေးဇူး
        ဖတ်ရှုတဲ့အတွက် ကျေးဇူး အများ ကြီး တင်ရှိပါတယ်ဗျာ။ :D



1 မှတ်ချက်ပေးသွားတယ်:

အလင်းစေတမန် said...
December 6, 2008 at 11:28 PM

ကျွန်တော်လည်း စာရေးကောင်းတဲ့သူ တစ်ယောက် ဖြစ်ချင်တယ်ဗျို.။