ရည်စားစာ

သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

2 မှတ်ချက်ပေးသွားတယ်:

WWKM said...
August 8, 2008 at 9:01 PM

ဟဟဟား
ရည်းစားစာ ဖတ်လိုက်ရတာ တိရ စ္ဆာန် ရုံထဲ
အလည်ရောက်သွားသလိုပဲ။ :P :D

ရီရတယ်နော်..ကျေးဇူး။။

Han Thit Nyeim said...
August 10, 2008 at 4:49 AM

ဒါ... အပြည့်အစုံမဟုတ်သေးဘူးထင်တယ်။ ကျွန်တော်မေးလ်က ရထားတာက နည်းနည်းပိုပါလို့ဗျ။