ရန်ကုန်ကို တခွက်လောက်မြည်းကြည့်ခြင်း

ကမ္ဘာမြေက ပုံမှန်ထက်တိမ်းစောင်းနေပြီလား
လမ်းလျောက်ရတာပိုခက်လာတယ်
အင်္ကျီကြယ်သီးနဲနဲဖြုတ်ထားမှ လေထုဆိုတာရှိမှန်းသတိရတော့တယ်
ဟေ့ မြို့ကြီးပြကြီးက ကျီးကန်းတွေ ငါ့ကိုမိုက်ကြည့်မကြည့်နဲ့
ဘာ ... ကျီးကန်းဆိုတာ မြို့ပြစွန်ရဲတဲ့လား သွားကြစမ်းကွာ
ဒီမြို့မှာ ငှက်ကအစ အကျင့်ပျက်နေပြီ
စရိုက်ကျကျအထာနဲ့ ရပ်ကွက်ထဲလမ်းတစ်ပတ်လျောက်ကြည့်လိုက်တဲ့အခါ
လောကဟာ ထင်တာထက်ပိုကျဉ်းမှန်း သိလာတယ်
အင်တာနက်ဆိုင်တွေများလာတယ် ကျွန်တော့်အိတ်ကပ်ပိုပါးလာတယ်
မှိုတက် တက်တဲ့ပိုက်ဆံတွေကို ဘယ်အချိန်အထိ သုံးနေရဦးမှာလဲ
ဆိုက်ကားသမားက ပါးစပ်နဲ့ကိုက်တယ်၊ စပါယ်ယာက ခါးကြားညှပ်တယ်၊ ငါးသည်က
အင်္ကျီကြားညှပ်တယ်၊
ယာဉ်ထိန်းရဲက ဘောင်းဘီအိတ်ထဲထည့်တယ်၊ စစ်သားက စာအုပ်ကြားညှပ်တယ်၊
ကွမ်းယာသည်က အံဆွဲထဲထည့်တယ်၊ ကုန်သည်က လက်ဆောင်ထုပ်ထဲ ထည့်တယ်
ထားပါ အဲဒီပိုက်ဆံနဲ့ကျွန်တော် ဂျယ်လ်တစ်ဘူးဝယ်တယ်
ဟိုဆရာပြောသလို ကျွန်တော့်ဆံပင်ပုံစံက အထီးကျန်မီးတောက်များဒီဇိုင်းပေါ့
ဘယ်လေမှ မပင့်ဘဲ အပေအတေတောက်လောင်နေတယ်
ရူပဗေဒမှ အပူကူးမှုဘယ်နှမျိုးရှိလဲ ကျွန်တော်မသိဘူး
ကျွန်တော်က လူတွေရဲ့မျက်လုံးကနေ အပူကူးမှာကြောက်တယ်
သောကမျက်လုံးတွေ၊ လောဘမျက်လုံးတွေ၊ မာနမျက်လုံးတွေ ... အပူမျက်လုံးတွေများဗျာ
ဘာဖြစ်လို့ ရန်ကုန်မြို့ထဲမှာ အများကြီးစုပြုံနေတာလဲ
အဲဒီလိုနဲ့ အပူကူးနိုင်မယ့် မျက်လုံးတွေဆို ရှောင်နိုင်ဖို့ကြိုးစားလဲ
ဘယ်မှာရလို့လဲ
ခင်ဗျားတို့သိတဲ့အတိုင်းဘဲ
ကိုယ့်လျာကိုယ် ကိုက်မိရင်တောင်အဆိပ်တက်တဲ့စာရိတ္တတွေထွန်းကားတဲ့ ကာလဒေသမှာ
လက်ထဲကထမင်းတစ်လုပ်ကလွဲလို့ ဘာမှမရှိတဲ့ဘ၀တွေသိပ်များတယ်
ငွေကြေးအမျိုးအမည်များစွာကိုင်တွယ် ရှားပါးလို့တန်ဖိုးကြီးတဲ့သတ္တုတွေက
သူတို့ကိုယ်ပေါ်မှာသာယာ နံပါတ်တွေနှိပ်လိုက်တာနဲ့ ငွေထုပ်ပြုတ်ကျလာတဲ့
ဘ၀တွေလဲများတယ်
လူစည်ကားတဲ့လမ်းမဘေးတွေမှာ ငုတ်တုတ်ထိုင်ညည်းတွားသူတွေများလာသလို
ကာရာအိုကေ ကားပါကင်မှာ ကားအကောင်းစားတွေများလာတယ်
မီးတောက်တွေကို ကျွန်တော်ဆွဲဖွလိုက်တယ်
ဆေးလိပ်ရှိရင်မီးခြစ်မရှိဘူး မီးခြစ်ရှိရင်ဆေးလိပ်မရှိဘူး ဘ၀ကတစ်ဖက်ကန်းနေတယ်
ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်လမ်းထဲကကျောက်ခဲကို ကန်လိုက်ရင်း
ရေးပြလို့မကောင်းတာတစ်ခု ရေရွတ်လိုက်တယ်
အားရပါးရကျုံးကန်လို့မဖြစ်ဘူး လမ်းထဲမှာ အမျိုးအမည်မသိ
ဝဲစားတွေမိုက်ဂိုက်နဲ့အုပ်စုဖွဲ့ရစ်သီနေတယ်
အပူဟပ်ရင် ဆေးလိမ်းလို့ရပေမယ့် ခွေးဟပ်ရင်တော့ သံပိုက်လေးတွေ
ကိုယ်ထဲ အကြိမ်များစွာထိုးသွင်းခံရမယ်မဟုတ်လား
အသိစိတ်ကဖယ်ခွာ မသိစိတ်ကဖယ်ခွာ လျောက်နေတဲ့လမ်းမှာ
အချစ်ကိုဘယ်နားထားရမလဲစဉ်းစားတော့ ဦးထိပ်ထားရမလား
ဂျိုင်းကြားညှပ်ထားရမလား ပြောကြည့်ဗျာ
ကိုယ့်ရင်ဘတ်ကို ကိုယ် အမြည်းလုပ်ပြီးသောက်လိုက်တာများသွားသလားမသိ
လူကဲခတ်တက်ရင် ခုနေ ကျွန်တော့်မျက်လုံးကိုလာမကြည့်နဲ့
ကောင်းနေမှန်းရိပ်မိသွားလိမ့်မယ် ......

0 မှတ်ချက်ပေးသွားတယ်: